ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇ ခုနှစ်)

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဖာ (ရှေ့နေ)၊ မိခင်ဖြစ်သူ ဒေါ်စုတို့မှ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ အထက်တန်းပညာရပ်များ ဆည်းပူးလေ့လာခဲ့ပါသည်။ ၁၉၃၇  ခုနှစ်တွင် ဘီအေဘွဲ့ရရှိခဲ့ပါသည်။ ၁၉၃၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသောအချိန်တွင် နိုင်ငံခြားမှ အထွေထွေဗဟုသုတစာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့ရသည့်အတွက် ဗိုလ်ချုပ်၏နိုင်ငံရေးစိတ်ဓာတ်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းကြီး၏ အမှုဆောင်အဖွဲ့တွင် ပါဝင်လာခဲ့ပါသည်။ ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံပြီးဆုံးပြီးနောက် တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နိုင်ငံခြားအကူအညီရယူရန် လိုအပ်လာသဖြင့် ဂျပန်တို့နှင့်ဆက်သွယ်ခဲ့ရသည်။ ဗိုလ်မှူးကြီးဆူဇူကီးနှင့် အဆက်အသွယ်ရရှိပြီးနောက် စစ်ပညာသင်ကြားရန်အတွက် လူငယ် ၃ဝ ဦးတို့သည် ၁၉၄၁ ခုနှစ်၊ မတ်လမှစတင်၍ တစ်သုတ်ပြီးတစ်သုတ် ဗမာပြည်မှလျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံသို့ စစ်ကြောင်းကြီး ၄ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်တေဇဟူသော အမည်ကိုခံယူခဲ့သည်။ ဂျပန်တို့ကပေးခဲ့သော ဂျပန်အမည်မှာ အိုမိုဒါ ဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်ဟု စနစ်တကျပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်လာခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလတွင် ဂျပန်အင်ပါယာ၏ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (Third Class Order of The Rising Sun) ချီးမြှင့်ခြင်းခံခဲ့ရပြီး ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ရရှိခဲ့သည်။ ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ပြီးနောက် ဒေါက်တာဘမော်အစိုးရအဖွဲ့တွင် စစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်အစိုးရက (First Class Order of The Sacred Treasure) ဘွဲ့ထပ်မံချီးမြှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် ဗိုလ်ချုပ်ရာထူးအားစွန့်လွှတ်၍ ဖဆပလ အဖွဲ့ချုပ်ကြီးကိုဦးဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုဖြင့် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် မသမာသူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်း (၁၉၁၁ - ၂ဝဝ၂ ခုနှစ်)

အမည်ရင်းမှာ မောင်ရှုမောင်ဖြစ်သည်။ မောင်ရှုမောင်သည် ၁၉၁၀ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ပြည်ခရိုင်၊ ပေါင်းတလည်မြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဦးဖိုးခ (မြေတိုင်းဌာနအမှုထမ်း)၊ မိခင်ဖြစ်သူမှာ ဒေါ်မိလေးတို့ဖြစ်သည်။ မောင်ရှုမောင် ရန်ကုန်တက္ကသိုလ်တွင် ဥပစာ၊ သိပ္ပံပညာများကို သင်ကြားဆည်းပူးနေချိန်တွင် နိုင်ငံရေးအခြေအနေသည် ပြောင်းလဲလာခဲ့သည်။ တို့ဗမာအစည်းအရုံး၊ တို့ဗမာသီချင်း၊ နဂါးနီစာပေတို့သည် ဗမာလူထုကြီးကိုအင်္ဂလိပ်တို့အား တော်လှန်ပုန်ကန်ရန်အတွက် တစ်လှမ်းပြီးတစ်လှမ်း ပို့ဆောင်ပေးလျက်ရှိသည်။ မောင်ရှုမောင်သည် ဥပစာတန်းမှပင် ကျောင်းထွက်၍ စာပို့နှင့်ကြေးနန်းဌာန၌ စာရေးဝင်လုပ်ခဲ့ပြီး အပြင်မှသခင်များနှင့် ဆက်သွယ်မိခဲ့သည်။ တစ်စတစ်စနှင့် သခင်ရှုမောင်ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားပြီးနောက်ဂျပန်တို့နှင့်ဆက်သွယ်မိပြီး ရဲဘော်သုံးကျိပ်ကိုဖွဲ့စည်း၍ စစ်ပညာကိုအပူတပြင်းသင်ယူခဲ့ကြရာတွင် သခင်ရှုမောင်သည်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သခင်ရှုမောင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကိုဦးစီးရန်အတွက် ဗိုလ်နေဝင်းဟူသော အမည်သစ်ကိုခံယူခဲ့သည်။ ဂျပန်တို့ကပေးခဲ့သော ဂျပန်အမည်မှာ တာကာစူဂီစုစုမူဖြစ်သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော်ကိုဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့စစ်ကြောင်းကြီး ၄ ကြောင်းဖြင့် ဝင်ရောက်ခဲ့ရာတွင် ဗိုလ်နေဝင်းသည်အတွင်းသူပုန်စစ်ကြောင်း၏ ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်ချိန်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တိုင်း(၂) မြစ်ဝကျွန်းပေါ်တိုင်း တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုင်းပေါင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်မှ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်ထိ မြောက်ပိုင်းတိုင်း တိုင်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ထိ ဒုတိယစစ်သေနာပတိ(တပ်ပေါင်းစု)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်ထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ ၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ ၄ ရက်ထိ အိမ်စောင့်အစိုးရကာလတွင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကိုယူခဲ့ရပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်တွင် အာဏာလွှဲပြောင်းပေးခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်မှ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်ထိ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်မှစတင်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် နိုင်ငံရေးလောကမှ အနားယူခဲ့ပြီး ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ကွယ်လွန်ခဲ့ပါသည် ။