ကြည်း ၅၁၀၆ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း

၄-၁-၁၉၄၈ မှ ၃၁-၁-၁၉၄၉ ထိ

သူ့ကျွန်ဘဝမှလွတ်မြောက်ခဲ့ပြီး လွတ်လပ်သောဗမာ့တပ်မတော်၏ ပထမဦးဆုံးသော စစ်ဦးစီးချုပ်(ကာကွယ်ရေး  ဦးစီးချုပ်)မှာ ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် တပ်မတော်သို့ဝင်ရောက်ခဲ့ပြီး အမှတ်(၁၀/၂၀)လေ့ကျင့်ရေးတပ်ရင်း (10/20th Training Battalion)တွင် စတင်အမှုထမ်းခဲ့သည်။  ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်ထိ ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ အဆင့်ဆင့်တာဝန်ထမ်း‌ဆောင်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးချုပ်(ကာကွယ်ရေးဦးစီးချုပ်) တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး စစ်ဦးစီးချုပ် (ကာကွယ်ရေးဦးစီးချုပ်)တာဝန်ကို ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇ ခုနှစ်)

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဖာ (ရှေ့နေ)၊ မိခင်ဖြစ်သူ ဒေါ်စုတို့မှ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ အထက်တန်းပညာရပ်များ ဆည်းပူးလေ့လာခဲ့ပါသည်။ ၁၉၃၇  ခုနှစ်တွင် ဘီအေဘွဲ့ရရှိခဲ့ပါသည်။ ၁၉၃၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသောအချိန်တွင် နိုင်ငံခြားမှ အထွေထွေဗဟုသုတစာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့ရသည့်အတွက် ဗိုလ်ချုပ်၏နိုင်ငံရေးစိတ်ဓာတ်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းကြီး၏ အမှုဆောင်အဖွဲ့တွင် ပါဝင်လာခဲ့ပါသည်။ ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံပြီးဆုံးပြီးနောက် တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နိုင်ငံခြားအကူအညီရယူရန် လိုအပ်လာသဖြင့် ဂျပန်တို့နှင့်ဆက်သွယ်ခဲ့ရသည်။ ဗိုလ်မှူးကြီးဆူဇူကီးနှင့် အဆက်အသွယ်ရရှိပြီးနောက် စစ်ပညာသင်ကြားရန်အတွက် လူငယ် ၃ဝ ဦးတို့သည် ၁၉၄၁ ခုနှစ်၊ မတ်လမှစတင်၍ တစ်သုတ်ပြီးတစ်သုတ် ဗမာပြည်မှလျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံသို့ စစ်ကြောင်းကြီး ၄ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်တေဇဟူသော အမည်ကိုခံယူခဲ့သည်။ ဂျပန်တို့ကပေးခဲ့သော ဂျပန်အမည်မှာ အိုမိုဒါ ဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်ဟု စနစ်တကျပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်လာခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလတွင် ဂျပန်အင်ပါယာ၏ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (Third Class Order of The Rising Sun) ချီးမြှင့်ခြင်းခံခဲ့ရပြီး ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ရရှိခဲ့သည်။ ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ပြီးနောက် ဒေါက်တာဘမော်အစိုးရအဖွဲ့တွင် စစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်အစိုးရက (First Class Order of The Sacred Treasure) ဘွဲ့ထပ်မံချီးမြှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် ဗိုလ်ချုပ်ရာထူးအားစွန့်လွှတ်၍ ဖဆပလ အဖွဲ့ချုပ်ကြီးကိုဦးဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုဖြင့် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် မသမာသူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့ပါသည်။