မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် ယှဉ်တွဲနေသောတပ်မတော်

ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြည်သူကြားမှ ပေါက်ဖွားပေါ်ထွန်းလာခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူထိုက်သော သမိုင်းကြောင်းပင်ဖြစ်သည်။ ရှေးမြန်မာနိုင်ငံပဒေသရာဇ်ခေတ်အဆက်ဆက်တွင်ရှိခဲ့ကြသည့် တပ်မတော်များသည် ခေတ်မီတပ်မတော်များမဟုတ်ကြဘဲ စစ်မှုထမ်းဆောင်ရန်အတွက် အရေးကြုံမှသာ ထောင်ပြုမြို့၊ ရာပြုမြို့များမှအချိုးကျထည့်ဝင်ရသော စစ်သားစုဆောင်းရေးစနစ်ကို အနော်ရထာမင်းစောလက်ထက်မှစတင်၍ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းလက်ထက်တိုင်အောင် ရာစုနှစ် ၈ စု ကြာမျှကျင့်သုံးခဲ့ကြသည်။ သို့ပါသော်လည်း ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၌ ဤကဲ့သို့သောတပ်မတော်မျိုးဖြင့်ပင် ပတ်ဝန်းကျင်နိုင်ငံများ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအကြားတွင် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့ရသော တပ်မတော်ကြီးတစ်ရပ်ဖြစ်ခဲ့ရသည်။ ၁၉ရာစုအစပိုင်းတွင်မူ ခေတ်မီလက်နက်များကိုင်ဆောင်ထား၍ စနစ်တကျလေ့ကျင့်ထားပြီးဖြစ်သော နယ်ချဲ့အင်္ဂလိပ်တပ်များနှင့်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်စလုံးတွင် မြန်မာတို့အရေးနိမ့်ခဲ့ရပြီးနောက် အာရှတစ်လွှားဂုဏ်သတင်းထင်ရှားကျော်ဇောခဲ့ရသော ရှေးခေတ်မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍပြီးဆုံးခဲ့ရပေသည်။ နယ်ချဲ့ဗြိတိသျှလက်အောက်တွင် အမျိုးသားရေးစိတ်ဓာတ်နိုးကြားတက်ကြွလာပြီးနောက် ဗြိတိသျှတို့အား လက်နက်ကိုင်တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်တို့၏ အကူအညီဖြင့် ဟိုင်နန်ကျွန်း၊ ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ယူခဲ့ကြပြီးနောက် […]

ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲ

ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီးကာလ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင် ပထမဦးဆုံးဖြစ်ပွားသော လေကြောင်းတိုက်ပွဲဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်မှူးတင်မောင်အေးနှင့် ဗိုလ်မှူးအေးဝင်းတို့သည် ရန်သူ့လေယာဉ်နှင့် ရန်သူ့စခန်းကိုထောက်လှမ်းရှာဖွေရန်အတွက် စက်စနာလေယာဉ် (အမှတ်-၆၁၈)ဖြင့် ကျိုင်းတုံမှတာချီလိတ်သို့ ရောက်ရှိလာခဲ့ကြသည်။ ရာသီဥတုဆိုးရွားနေသဖြင့် နံနက်ပိုင်းတွင် လေယာဉ်မတက်နိုင်ဘဲ ၁၄၀၀ ချိန်တွင် တပ်ရင်းမှူး ဗိုလ်မှူးအေးဝင်းကိုတင်ဆောင်လျက် တာချီလိတ်မြို့ အနောက်ဘက်သို့ပျံသန်းလာခဲ့ပြီး ဝမ်ပန်ဆန်းရွာ၀န်းကျင်တွင် ထောက်လှမ်းရှာဖွေပျံသန်းနေစဉ် မြေပြင်တစ်နေရာ၌ ရိက္ခာချအမှတ်အသားတစ်ခုခင်းထားသည်ကို တွေ့ရသဖြင့် သွားရောက်ကြည့်ရှုရာ ရိက္ခာချကွင်းမှ ၎င်းတို့အားမီးပုံ ၂ ခုဖြင့် အချက်ပြနေသည်ကိုတွေ့ရှိခဲ့ရသည်။ ဗိုလ်မှူးတင်မောင်အေးသည် တွေ့ရှိချက်များကို ကျိုင်းတုံတွင်ရောက်ရှိနေသော ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်မှူးချုပ်တီကလစ်အား ဆက်သွယ်ရေးစက်ဖြင့် သတင်းပို့ခဲ့ပါသည်။ အဆိုပါထောက်လှမ်းတွေ့ရှိချက်များအရ ဆီးဖြူရီတိုက်လေယာဉ် ၃ စီးကို ဗိုလ်မောင်သိန်းဦးဆောင်၍ ဗိုလ်ချစ်ခိုင်နှင့်ဒုတိယဗိုလ်ပီတာတို့ ၃ ဦးမောင်းနှင်ပျံသန်း၍ ဝမ်ပန်ဆန်း၏မြောက်ဘက်တွင် […]

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ကြည်း ၆၇၁၀ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၂၄-၄-၁၉၉၂ မှ ၃၀-၃-၂၀၁၁ ထိ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၅၂ ခုနှစ်တွင် တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်း၊ သင်တန်းအမှတ်စဉ်(၉)သို့ စတင်တက်ရောက်ကာ တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ခြေလျင်၊ ခြေမြန်တပ်ရင်းများနှင့် လက်ရုံးတပ်ဖွဲ့များ၌တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၌ တပ်မမှူးတာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌတာဝန်၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တ္ငင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို […]

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇ ခုနှစ်)

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဖာ (ရှေ့နေ)၊ မိခင်ဖြစ်သူ ဒေါ်စုတို့မှ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ အထက်တန်းပညာရပ်များ ဆည်းပူးလေ့လာခဲ့ပါသည်။ ၁၉၃၇  ခုနှစ်တွင် ဘီအေဘွဲ့ရရှိခဲ့ပါသည်။ ၁၉၃၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသောအချိန်တွင် နိုင်ငံခြားမှ အထွေထွေဗဟုသုတစာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့ရသည့်အတွက် ဗိုလ်ချုပ်၏နိုင်ငံရေးစိတ်ဓာတ်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းကြီး၏ အမှုဆောင်အဖွဲ့တွင် ပါဝင်လာခဲ့ပါသည်။ ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံပြီးဆုံးပြီးနောက် တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နိုင်ငံခြားအကူအညီရယူရန် လိုအပ်လာသဖြင့် ဂျပန်တို့နှင့်ဆက်သွယ်ခဲ့ရသည်။ ဗိုလ်မှူးကြီးဆူဇူကီးနှင့် အဆက်အသွယ်ရရှိပြီးနောက် စစ်ပညာသင်ကြားရန်အတွက် လူငယ် ၃ဝ ဦးတို့သည် ၁၉၄၁ ခုနှစ်၊ မတ်လမှစတင်၍ တစ်သုတ်ပြီးတစ်သုတ် ဗမာပြည်မှလျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံသို့ စစ်ကြောင်းကြီး ၄ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်တေဇဟူသော အမည်ကိုခံယူခဲ့သည်။ ဂျပန်တို့ကပေးခဲ့သော ဂျပန်အမည်မှာ အိုမိုဒါ ဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်ဟု စနစ်တကျပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်လာခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလတွင် ဂျပန်အင်ပါယာ၏ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (Third Class Order of The Rising Sun) ချီးမြှင့်ခြင်းခံခဲ့ရပြီး ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ရရှိခဲ့သည်။ ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ပြီးနောက် ဒေါက်တာဘမော်အစိုးရအဖွဲ့တွင် စစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်အစိုးရက (First Class Order of The Sacred Treasure) ဘွဲ့ထပ်မံချီးမြှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် ဗိုလ်ချုပ်ရာထူးအားစွန့်လွှတ်၍ ဖဆပလ အဖွဲ့ချုပ်ကြီးကိုဦးဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုဖြင့် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် မသမာသူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့ပါသည်။