ကြည်း ၃၅၀၂ ဗိုလ်ချုပ်ကြီး နေဝင်း
၁-၂-၁၉၄၉ မှ ၂၀-၄-၁၉၇၂ ထိ
ဗိုလ်ချုပ်ကြီးနေဝင်းသည် တို့ဗမာအစည်းအရုံးဝင်သခင်တစ်ဦးဖြစ်ပြီး တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တစ်ဦးလည်းဖြစ်သည်။ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် စစ်ပညာသင်ကြားရန် ဂျပန်ပြည်သို့ သွားရောက်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army–BIA) ဖွဲ့စည်းပြီးနောက် မြေအောက်စည်းရုံးရေးလှုပ်ရှားရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သည့် ရှေ့ပြေးအဖွဲ့ကို ခေါင်းဆောင်ခဲ့ပြီး BDAနှင့် BNA တို့တွင် စစ်ဦးစီးဌာနချုပ်မှူး၊ ထောက်ပံ့ရေးဌာနကြီးမှူးတာဝန်များထမ်းဆောင်ခဲ့ပါသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်ချိန်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တိုင်း(၂) မြစ်ဝကျွန်းပေါ်တိုင်း တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုင်းပေါင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်မှစတင်၍ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်ထိ မြောက်ပိုင်းတိုင်း တိုင်းမှူးတာဝန်ကိုထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ထိ ဒုတိယစစ်သေနာပတိ(တပ်ပေါင်းစု)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်ထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ ၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ ၄ ရက်ထိ အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကိုယူခဲ့ရပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်တွင် အာဏာလွှဲပြောင်းပေးခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်မှ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်ထိ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌတာဝန်များအားထမ်းဆောင်ခဲ့ပါသည်။