ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီးကာလ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင် ပထမဦးဆုံးဖြစ်ပွားသော လေကြောင်းတိုက်ပွဲဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်မှူးတင်မောင်အေးနှင့် ဗိုလ်မှူးအေးဝင်းတို့သည် ရန်သူ့လေယာဉ်နှင့် ရန်သူ့စခန်းကိုထောက်လှမ်းရှာဖွေရန်အတွက် စက်စနာလေယာဉ် (အမှတ်-၆၁၈)ဖြင့် ကျိုင်းတုံမှတာချီလိတ်သို့ ရောက်ရှိလာခဲ့ကြသည်။ ရာသီဥတုဆိုးရွားနေသဖြင့် နံနက်ပိုင်းတွင် လေယာဉ်မတက်နိုင်ဘဲ ၁၄၀၀ ချိန်တွင် တပ်ရင်းမှူး ဗိုလ်မှူးအေးဝင်းကိုတင်ဆောင်လျက် တာချီလိတ်မြို့ အနောက်ဘက်သို့ပျံသန်းလာခဲ့ပြီး ဝမ်ပန်ဆန်းရွာ၀န်းကျင်တွင် ထောက်လှမ်းရှာဖွေပျံသန်းနေစဉ် မြေပြင်တစ်နေရာ၌ ရိက္ခာချအမှတ်အသားတစ်ခုခင်းထားသည်ကို တွေ့ရသဖြင့် သွားရောက်ကြည့်ရှုရာ ရိက္ခာချကွင်းမှ ၎င်းတို့အားမီးပုံ ၂ ခုဖြင့် အချက်ပြနေသည်ကိုတွေ့ရှိခဲ့ရသည်။ ဗိုလ်မှူးတင်မောင်အေးသည် တွေ့ရှိချက်များကို ကျိုင်းတုံတွင်ရောက်ရှိနေသော ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်မှူးချုပ်တီကလစ်အား ဆက်သွယ်ရေးစက်ဖြင့် သတင်းပို့ခဲ့ပါသည်။

အဆိုပါထောက်လှမ်းတွေ့ရှိချက်များအရ ဆီးဖြူရီတိုက်လေယာဉ် ၃ စီးကို ဗိုလ်မောင်သိန်းဦးဆောင်၍ ဗိုလ်ချစ်ခိုင်နှင့်ဒုတိယဗိုလ်ပီတာတို့ ၃ ဦးမောင်းနှင်ပျံသန်း၍ ဝမ်ပန်ဆန်း၏မြောက်ဘက်တွင် လေကြောင်းမှကင်းထောက်ရန်ထွက်ခွာခဲ့ကြသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မောင်သိန်းမှ တိုက်လေယာဉ် (ယူဘီ ၄၅၇)ကိုလည်းကောင်း၊ ဒုတိယဗိုလ်ပီတာက တိုက်လေယာဉ်(ယူဘီ ၄၆၆)ကိုလည်းကောင်း၊ ဗိုလ်ချစ်ခိုင်က တိုက်လေယာဉ် (ယူဘီ ၄၆၅)ကိုလည်းကောင်း အသီးသီးမောင်းနှင်လာခဲ့ရာ ၁၅၃၀ နာရီခန့်တွင် ဝမ်ပန်ဆန်းရွာပေါ်ရှိ‌ဝေဟင်ပေါ်တွင် အမြင့်ပေ ၇၅၀၀ ခန့်ကပျံဝဲလျက် ရန်သူ၏ လှုပ်ရှားမှုကိုစောင့်ဆိုင်းလျက်ရှိပါသည်။ ၁၆၀၅ နာရီတိတိတွင် အမျိုးအစားမခွဲခြားနိုင်သော အစိမ်းပုပ်ရောင် စက်လေးလုံးတပ်လေယာဉ်ကြီးတစ်စင်း (အမေရိကန်နိုင်ငံလုပ် P.B 4 Y 2 Privateer)သည် အရှေ့အရပ် အမြင့်ပေ ၇၀၀၀ ခန့်မှပျံသန်း၀င်ရောက်လာခဲ့ပါသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မောင်သိန်းက ရန်သူလေယာဉ်အနီးသို့ချဉ်းကပ်ပြီးအင်္ဂလိပ်ဘာသာဖြင့် ရန်သူလေယာဉ်အား ၎င်း၏အမျိုးအမည်ကိုဖော်ပြရန်နှင့် ကျိုင်းတုံသို့မောင်းနှင်ရန်အမိန့်ပေးခဲ့ရာ ၎င်းလေယာဉ်က ၂၀ မမ စက်အမြောက်ဖြင့် စတင်ပစ်ခတ်ခဲ့သည်။ အဆိုပါရန်သူ့လေယာဉ်၏ ရှေ့ဦးပိုင်းနှင့်အမြီးပိုင်းတွင်သာမက ဝမ်းဗိုက်နှင့်အပေါ်ပိုင်းတို့တွင်လည်း စက်သေနတ်ကြီးများကို တပ်ဆင်ထားခဲ့ပါသည်။ လေကြောင်းတိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် ရန်သူ့လေယာဉ်မှလေထီးဖြင့် ပစ္စည်းအထုပ်ကြီးတစ်ထုပ်ချပေးခဲ့သည်။ မိမိဘက်မှ တိုက်လေယာဉ် ၃ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူပစ်ခတ်သောကျည်သည် ဗိုလ်ချစ်ခိုင်လေယာဉ်အမြီးပိုင်းကိုထိမှန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒုတိယဗိုလ်ပီတာက သူ့လေယာဉ်ထိမှန်သွားကြောင်း ဆက်သွယ်ရေးစက်မှ မသဲမကွဲပြောသံကြားခဲ့ရပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့ရသည်။ ထိုအချိန်တွင် ဗိုလ်မောင်သိန်းက ရန်သူ့လေယာဉ်ကိုတတိယအကြိမ်အဖြစ် သဲကြီးမဲကြီးဝင်ရောက်တိုက်ခိုက်ရာ ရန်သူ၏ စက်လေးလုံးတပ်လေယာဉ်ကြီးသည် အမြီးပြုတ်ထွက်၍ မီးလောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ပျက်ကျသွားခဲ့သည်။ မိမိဘက်မှဒုတိယဗိုလ်ပီတာ၏လေယာဉ်သည် ထိုင်းနိုင်ငံထဲသို့ပျက်ကျ၍ လေသူရဲဒုတိယဗိုလ်ပီတာ ကျဆုံးခဲ့ပါသည်။ ဤသို့ဝေဟင်တွင် ရဲဝံ့စွန့်စားစွာဖြင့် လေကြောင်းမှပစ်ခတ်တိုက်ခိုက်၍ နိုင်ငံတော်အတွက် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်နှင့် ဒုတိယဗိုလ်ပီတာတို့အား နိုင်ငံတော်မှ သူရဘွဲ့တံဆိပ်ချီးမြှင့်ခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇ ခုနှစ်)

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဖာ (ရှေ့နေ)၊ မိခင်ဖြစ်သူ ဒေါ်စုတို့မှ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ အထက်တန်းပညာရပ်များ ဆည်းပူးလေ့လာခဲ့ပါသည်။ ၁၉၃၇  ခုနှစ်တွင် ဘီအေဘွဲ့ရရှိခဲ့ပါသည်။ ၁၉၃၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသောအချိန်တွင် နိုင်ငံခြားမှ အထွေထွေဗဟုသုတစာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့ရသည့်အတွက် ဗိုလ်ချုပ်၏နိုင်ငံရေးစိတ်ဓာတ်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းကြီး၏ အမှုဆောင်အဖွဲ့တွင် ပါဝင်လာခဲ့ပါသည်။ ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံပြီးဆုံးပြီးနောက် တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နိုင်ငံခြားအကူအညီရယူရန် လိုအပ်လာသဖြင့် ဂျပန်တို့နှင့်ဆက်သွယ်ခဲ့ရသည်။ ဗိုလ်မှူးကြီးဆူဇူကီးနှင့် အဆက်အသွယ်ရရှိပြီးနောက် စစ်ပညာသင်ကြားရန်အတွက် လူငယ် ၃ဝ ဦးတို့သည် ၁၉၄၁ ခုနှစ်၊ မတ်လမှစတင်၍ တစ်သုတ်ပြီးတစ်သုတ် ဗမာပြည်မှလျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံသို့ စစ်ကြောင်းကြီး ၄ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်တေဇဟူသော အမည်ကိုခံယူခဲ့သည်။ ဂျပန်တို့ကပေးခဲ့သော ဂျပန်အမည်မှာ အိုမိုဒါ ဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်ဟု စနစ်တကျပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်လာခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလတွင် ဂျပန်အင်ပါယာ၏ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (Third Class Order of The Rising Sun) ချီးမြှင့်ခြင်းခံခဲ့ရပြီး ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ရရှိခဲ့သည်။ ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ပြီးနောက် ဒေါက်တာဘမော်အစိုးရအဖွဲ့တွင် စစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်အစိုးရက (First Class Order of The Sacred Treasure) ဘွဲ့ထပ်မံချီးမြှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် ဗိုလ်ချုပ်ရာထူးအားစွန့်လွှတ်၍ ဖဆပလ အဖွဲ့ချုပ်ကြီးကိုဦးဆောင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုဖြင့် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် မသမာသူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့ပါသည်။