တပ်မတော် (လေ)
တပ်မတော်(လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။
သမိုင်းကြောင်း
လွတ်လပ်ရေးရပြီးစခေတ် (၁၉၄၈-၁၉၉၀)
တပ်မတော်(လေ)ကို မြန်မာနိုင်ငံ ဗြိတိသျှတို့၏ လက်အောက်တွင် ရှိနေဆဲကာလ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် စစ်သည် ရာဂဏန်း အနည်းငယ်နှင့်အတူ Airspeed Oxfords အစင်း ၄၀၊ de Havilland Tiger Moths အစင်း ၁၆ စင်း၊ Austers ၄ စင်းနှင့် Supermarine Spitfire ၃စင်းတို့ ပါဝင်သည် လေတပ်ဖွဲ့သစ်အား လွှဲပြောင်း ရယူခဲ့သည်။ စတင် ဖွဲ့စည်းချိန်မှစ၍ တပ်မတော် (လေ) ၏ အဓိကတာဝန်သည် ပြည်တွင်း ပုန်ကန်မှု တန်ပြန်စစ်ဆင်ရေးများတွင် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးနှင့် တပ်မတော် (ကြည်း) အား အနီးကပ် လေကြောင်း အထောက်အကူပေးရေးတို့ ဖြစ်သည်။
နိုင်ငံ၏ ပင်မ လေတပ် အခြေစိုက်စခန်း ဖြစ်သည့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်ကို ၁၉၅၀ ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမှတ် ၁ လေယာဉ်အုပ်၊ လက်နက်ကိရိယာများ ထိန်းသိမ်းရေး တပ်ဖွဲ့နှင့် ဗမာ့လေတပ်မတော် – ဗဟိုဌာနချုပ်နှင့် ပျံသန်းမှု သင်တန်းကျောင်းတို့ကို ဤအခြေစိုက်စခန်း၏ လက်အောက်တွင် ထားရှိသည်။ လအနည်းငယ် ကြာပြီးနောက် ၁၉၅၀ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Douglas Dakota ၉ စင်း ပါဝင်သည့် အမှတ် ၂ လေယာဉ်အုပ်ကို သယ်ယူပို့ဆောင်ရေး လေယဉ်အုပ်အဖြစ် ဖွဲ့စည်းခဲ့ပြန်သည်။ ၁၉၅၃ ခုနှစ်တွင် မင်္ဂလာဒုံ လေတပ် အခြေစိုက်စခန်း လက်အောက်တွင် အဆင့်မြင့် ပျံသန်းရေး တပ်ဖွဲ့ကို de Havilland Vampire T55s လေယာဉ်များဖြင့် ထပ်မံဖွဲ့စည်းလိုက်ကာ ၁၉၅၃ ခုနှစ် အကုန်ပိုင်းတွင် ဗမာ့လေတပ်၌ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ြမန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာတို့တွင် အဓိက အခြေချ လေတပ်စခန်းကြီး သုံးခု ရှိလာခဲ့သည်။
၁၉၅၃ ခုနှစ်တွင် မြန်မာလေတပ်သည် အစ္စရေးမှ Supermarine Spitfire အစင်း ၃၀ နှင့် ယူနိုက်တက်ကင်းဒမ်းမှ Supermarine Spitfire အစင်း ၂၀ တို့ကို ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်မူ ယူနိုက်တက်ကင်းဒမ်းမှ Hunting Provost T-53 အစင်း ၄၀ နှင့် de Havilland Vampire Mark T55s ၈ စင်းတို့ကို ဝယ်ယူခဲ့ပြန်သည်။ ၁၉၅၅ ခုနှစ် နှောင်းပိုင်းတွင် ဗမာ့လေတပ်မတော်သည် မင်္ဂလာဒုံတွင် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း တစ်ခု၊ အမှတ် ၅၀၁ လေယာဉ်အုပ်စု (မှော်ဘီလေတပ်စခန်း) နှင့် အမှတ် ၅၀၂ လေယာဉ်အုပ်စု (မင်္ဂလာဒုံ လေတပ်စခန်း) တို့ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။ ၁၉၅၆ တွင် မြန်မာ့လေတပ်သည် အမေရိကန်နိုင်ငံ မှ Cessna 180 ၁၀ စင်း ကို ဝယ်ယူခဲ့ပြန်သည်။ ယင်းနှစ်တွင်ပင် Kawasaki Bell 47Gs ခြောက်စင်းဖြင့် ပထမဆုံး ရဟတ်ယာဉ် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နောက်တစ်နှစ် အကြာတွင် မြန်မာ့လေတပ်သည် ယူနိုက်တက်ကင်းဒမ်းမှ Hawker Sea Fury လေယာဉ် ၂၁ စင်းနှင့် ကနေဒါမှ de Havilland Canada DHC-3 Otters ကိုးစင်းကို ဝယ်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ Kawasaki Bell 47G ခုနစ်စင်းနှင့် Vertol H-21 Shawnees ၁၂ စင်းတို့ကို ထပ်မံ ဝယ်ယူခဲ့သည်။ ငါးနှစ်ကြာပြီးနောက်တွင် အမှတ် ၅၁ လေယာဉ်အုပ် (de Havilland Canada DHC-3 Otter နှင့် Cessna 180 လေယာဉ်များ) နှင့် အမှတ် ၅၃ လေယာဉ်အုပ် (Bell 47G၊ Kaman HH-43 Huskies နှင့် Aerospatiale Alouettes ရဟတ်ယာဉ်များ) တို့ကို မိတ္ထီလာတွင် ထပ်မံ ဖွဲ့စည်းခဲ့သည်။
ခေတ်မီအစီအစဉ် (၁၉၉၀ – လက်ရှိ)
၁၉၉၀ ကာလများ
တပ်မတော် (လေ)အနေ နဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ စတင်အသုံးပြုလာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် လက်နက်တပ်ဆင်ထားသည့် Soko G-4 Super Galeb လေယာဉ်များကို မြန်မာ့တပ်မတော်က ယူဂိုစလားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့သည်။၁၉၉ဝ ကနေ ၂ဝဝဝ ပြည့်နှစ် ကြားထဲ F-7 အစင်း ၆ဝ ကျော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆီက အသုတ်လိုက် အသုတ်လိုက် စတင် ဝယ်ယူခဲ့သည်။ ၃ဝ မမ စက်သေနတ် နှစ်လက်နဲ့ အတူ ဝေဟင်ထဲမှာ ပစ်ခတ်တိုက်ခတ် နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ F-7 တွေကို အဓိက အားဖြင့်တော့ ကြားဖြတ် တိုက်လေယာဉ် အဖြစ် အသုံးပြုခဲ့တာ ဖြစ်သည်။
၂ဝဝဝ ကာလများ
၂၀၀၁ ခုနှစ်တွင်စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့် အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်လာခဲ့သည်။ ၂၀၀၁ ခုနှစ်မှစပြီး တိုက်ပွဲဝင်နိုင်သည့် လေယာဉ်များတိုးတက်စေရေး၊ စွမ်းအားမြင့် လေယာဉ်များဖြစ်စေရေး၊ အရည်အချင်း ပြည့်ဝသည့် လေသူရဲများ၊ အင်ဂျင်နီယာများ၊ မြေပြင်တပ်ဖွဲ့ဝင်များ မွေးထုတ်ပေး နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လာသည်။ အထူးသဖြင့် ရုရှား မှ Mi-24 နဲ့ Mi-17 ရဟတ်ယာဉ်တွေအပြင် MiG-29(အမ်အိုင်ဂျီ-၂၉) တိုက်လေယာဉ်၊ Pechora-2 လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အခြားကိရိယာတွေ ဝယ်ယူခဲ့သည်။
၂ဝ၁ဝ ကာလများ
၁၉၉၀ ခုနှစ် မှစပြီး မြန်မာလေတပ်တွင် အများအားဖြင့် တရုတ်နှင့် ရုရှားတို့မှ တိုက်လေယာဉ်များကို အသုံးပြုသော်လည်း ၂ဝ၁၃ ခုနှစ်တွင် အီးယူ၏ ဒဏ်ခတ်မှု ရုပ်သိမ်းချိန်ကတည်းက စတင်ကာ ဥရောပလုပ် လေယာဉ်အုပ်စု ဝယ်ယူရရှိခဲ့သည်။ ဂျာမနီနိုင်ငံက Grob G120TP လေ့ကျင့်ရေး လေယာဉ် ၁၂ စင်းကို မြန်မာလေတပ်က ဝယ်ယူထားပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလတွင် ဝယ်ယူရရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် K-8 W၊ သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက်အတွက် အသုံးပြုသော ပြင်သစ်နိုင်ငံထုတ် ATR-42 နှင့် အမေရိကန်ထုတ် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် အခမ်းအနားပြုလုပ်ခဲ့သည်။ K-8 W လေ့ကျင့်ရေးဂျက် တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့်ရှေ့တန်း ဂျက်တိုက်လေယာဉ်များ မောင်းနှင်မည့် လေသူရဲများကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေးအမောင်းသင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်သည်။ K-8 W လေယာဉ်များကို တရုတ် CATIC ကုမ္ပဏီနှင့် မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင်၂၀၁၆ ခုနှစ်တွင် အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် Yak-130 လေယာဉ် ၁၂ စီးကိုလည်း ရုရှားမှ မှာယူသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့၌ Yak -130 အမျိုးအစား လေယာဉ် ၆ စီးအပြင် နယ်သာလန်နိုင်ငံထုတ် Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီး ကို တပ်တော်ဝင်အဖြစ် ကြေညာခဲ့သည်။၂၀၁၈ ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၁) ပြည့် နှစ်ပတ်လည်နေ့၌ တပ်မတော် (လေ) အတွက် JF-17 အမျိုးအစား တိုက်လေယာဉ်လေးစီး၊ ပြင်သစ်၏ အဲဘတ်စ်နှင့် အီတလီ၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးကို အင်အားဖြည့်တင်းခဲ့သည်။ JF-17 တစ်စီးကို အကြမ်းဖျင်းဒေါ်လာ ၂၈ သန်း ဖြစ်သည်။JF-17 တိုက်လေယာဉ် ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ပါကစ္စတန်နှင့် စာချုပ်တစ်ခုအရ မြန်မာက ဝယ်ယူရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) ပါကစ္စတန်နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။၂၀၁၈ထိ တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ၂၀၁၈ ဒီဇင်ဘာတွင် အိန္ဒိယက မြန်မာနိုင်ငံသို့ Kiran အမျိုးအစား နှစ်ယောက်စီး အမောင်းသင်ဂျက်လေယာဉ် ခြောက်စီး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာနဲ့ ရုရှားတို့သည် Su-30 (ဆူခွိုင်း ၃၀) ဂျက်တိုက်လေယာဉ် ၆ စီးအတွက် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါလေယာဉ်များသည် ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြသည်။Su-30 တိုက်လေယာဉ်များသည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်ပြီး ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်။တပ်မတော်(လေ)အတွက် ဆူခွိုင်း Su-30 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြင်ဆင်ရာမှာ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကိုယ်တိုင် ရုရှားနိုင်ငံ မော်စကိုမြို့ ကူဘင်ကာ လေယာဉ်ကွင်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်က စမ်းသပ်မောင်းနှင်ပျံသန်းမှု လုပ်ခဲ့သည်။
တပ်မတော် (လေ) တွင် အမျိုးသမီးအရာရှိအချို့ လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်နေသည်။၂၀၁၈ ခုနှစ်တွင် အဆိုပါအမျိုးသမီးအရာရှိ လေသူရဲလောင်း ၆ ဦးက တဦးချင်း မောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီး ဖြစ်သည်။